ငြင်းခုန်မှုများနဲ့ မအိမ်ကံ
- Wainay Ya
- Mar 14, 2023
- 1 min read

သတ္တမအကြိမ်မြောက်ထွက်ရှိလာတဲ့ ဆရာမကြီးခင်ခင်ထူးရဲ့ မအိမ်ကံစာအုပ်အဖုံးဟာဆိုရင် စာဖတ်သူပရိသတ်တွေကြား ဝေဖန်ငြင်းခုန်မှုတွေ မြင့်မားခဲ့ပါတယ်။ တချို့သော စာဖတ်သူတွေက ယခုထွက်ရှိလာသောစာအုပ်အဖုံးကို လက်ခံကြတာရှိသလို တချို့စာဖတ်သူတွေကတော့ လက်ခံနိုင်စရာမဟုတ်တဲ့ စာအုပ်အဖုံးဖြစ်ကြောင်း၊ မျက်နှာဖုံးပန်းချီက မအိမ်ကံ ဇာတ်ကောင်နဲ့လိုက်ဖက်မှုမရှိကြောင်း စသဖြင့် ကိုယ်စီခံစားချက်များကို လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
ဒါကလည်း စာဖတ်သူတွေရဲ့မအိမ်ကံဝတ္ထုအပေါ် ချစ်မြတ်နိုးတဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ သဘောထားတွေဆိုပေမယ့် ပန်းချီပညာဆိုတာကလည်း နက်နဲသိမ်မွေ့တဲ့ ပညာရပ်ဖြစ်တာကြောင့် လွယ်လင့်တကူဝေဖန်လိုက်ဖို့ မလွယ်ကူလှပါဘူး။
ဒါပေမဲ့ ဒီစာအုပ်ထွက်ရှိလာခြင်းအပေါ် အများဆုံးမြင်ရတဲ့ သဘောထားတွေကတော့ "ပန်းချီကိုခံစားချင်ရင် ပန်းချီပြခန်းသွား" "မောဒန်ဆန်ဆန် ပန်းချီထက်မျက်စိအေးတဲ့ ပုံမျိုးလေးပဲ မြင်ချင်မိတယ်" စသဖြင့် ရေးသားသူတွေများပြားသလို "စာအုပ်အဖုံးကိုမကြည့်သင့် အတွင်းကစာသားကိုသာဖတ်ရမှာ" "စာအုပ်အဖုံးပြောင်းသွားလဲ မအိမ်ကံဇာတ်ကောင်ကတော့ ပြောင်းလဲမသွားဘူး။" စတဲ့ အမျိုးမျိုးသော အမြင်တွေကိုလည်းတွေ့ရပါတယ်။
အဲဒီထဲကမှ ထူးထူးခြားခြားကွဲထွက်နေတဲ့ အမြင်တစ်ခုကတော့ ဒီလို အဖုံးမျိုးကိုသုံးတာ Marketing သဘောအရ လုပ်လိုက်တာလို့ ရေးသားသူတွေလည်းရှိနေပါတယ်။ ဒါကိုတချို့ကလည်း မအိမ်ကံစာအုပ်က Marketing ဆင်းစရာမလိုတဲ့အထိ အောင်မြင်ပြီးသားစာအုပ်တစ်အုပ်ဖြစ်ကြောင်း ပြန်လည်ချေပကြပါသေးတယ်။
ကဲ...ဝေနေယျရဲ့စာဖတ်သူများကရော ဒီအဖြစ်အပျက်ကိုဘယ်လိုမြင်ပါသလဲ။
အချိန်ရရင်တော့ဖြင့် စာဖတ်သူတို့ထင်မြင်ချက်ကိုကောမန့်မှာရေးသွားနိုင်ပါတယ်။
See U Later By Erik
Comments