top of page

Poverty Porn နှင့် အလှူဒါနယဥ်ကျေးမှု

Updated: Oct 4, 2022

အကြောင်းအရာတချို့ကိုမပြောခင် ကျွန်တော်တို့အနေနဲ့ လတ်တလောမှာ ခပ်စိတ်စိတ်မြင်တွေ့လာရတဲ့ Poverty Porn အကြောင်းရေးသားထားတဲ့ စာတွေကို တစ်ချက်လောက် ပြန်ပြီးမမ်မိုရီခေါ်ကြည့်ရပါမယ်။



လူတွေပြောကြတဲ့ စကားလုံးတွေအများကြီးကို ခြုံငုံပြောရရင်တော့ Poverty Porn ဆိုတာက ဆင်းရဲမွဲတေမှုကို လှေကားထစ်တစ်ခုလို အသုံးချပြီး မိမိတို့ရဲ့ ဂုဏ်သတင်းကြီးမားအောင် အသုံးချတဲ့ဖြစ်စဥ်တစ်ခုလို့ပဲ ဆိုကြပါစို့။


အဲဒီဖြစ်စဥ်ထဲမှာတော့ အာဟာရချို့တဲ့နေတဲ့ကလေးတွေလား၊ ပြိုအံ့ဆဲဆဲအိမ်တစ်လုံးမှာနေနေရတဲ့ မိသားစုတစ်စုလား၊ နာကျင်စရာ ဘဝဇာတ်ကြောင်းမျိုးရှိနေတဲ့ သနားစရာလူတစ်ယောက်လား၊ အိုမင်းမစွမ်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတစ်ဦးလား...။ ဘယ်လိုလူပဲဖြစ်ဖြစ် ဖြတ်လမ်းနဲ့ နာမည်ကျော်ဖို့ကြိုးစားနေတဲ့ လူတွေရဲ့ပစ်မှတ်ဖြစ်လာပြီဆိုရင်တော့ သူတို့တွေရဲ့ နာကျင်စရာဇာတ်ကြောင်း အထွေထွေဟာ ကင်မရာရှေ့မှာထပ်ဖန်တလဲလဲရောက်ရှိလာပြီး လူတွေအပျင်းပြေကြည့်ရှူမယ့် အခြေအနေတစ်ခုကိုရောက်ရှိလာမှာပါပဲ။


အဲဒီကနေပြီးတော့ သူတို့ဘဝကို ငွေကြေးအရရော၊ နာမည်ကျော်ကြားမှုအရပါ ခဏလေးအတွင်းပြောင်းလဲလိုက်နိုင်တဲ့ အခြေအနေမျိုးတွေ ချက်ချင်းဆိုသလိုရောက်လာလိမ့်မယ်ဆိုတာကိုတော့ ဒီစာကိုဖတ်နေတဲ့ ခင်ဗျားရော၊ ကျွန်တော်ရော ရိပ်စားမိပါလိမ့်မယ်။ အဲ ... တစ်ပြိုင်တည်းမှာပဲ သူတို့ဆီကို ကံကောင်းမှုတစ်ခုလို ရောက်လာတဲ့ ပေးကမ်းမှုတွေ၊ အခွင့်အလမ်းတွေ၊ အာရုံစိုက်ခံရမှုတွေဟာ သိပ်မကြာတဲ့တစ်နေ့မှာ ပျောက်ကွယ်သွားလိမ့်မယ်ဆိုတာကိုလည်း တစ်ပါတည်းသိနေရတာကတော့ နည်းနည်းဝမ်းနည်းစရာကောင်းတဲ့ အစိတ်အပိုင်းဖြစ်ပါလိမ့်မယ်။


ကာယကံရှင်တွေရဲ့ ပုံရိပ်ကိုနည်းနည်းလေးမှမကြည့်ဘဲ ကင်မရာတကားကားနဲ့ လှူဒါန်းသမျှမှတ်တမ်းတင်နေတာက အတော်ကိုကြည့်ရဆိုးတဲ့ မြင်ကွင်းဆိုပေမယ့် အလှူအတန်းရက်ရောတာကိုမှ ချစ်တတ်ကြတဲ့ ကျွန်တော့်တို့ နိုင်ငံကလူတချို့ရဲ့အကျင့်နဲ့ ဒါတွေကို ရပ်ပစ်ဖို့က အခက်သားလား..။


ဒီတော့ ဒါတွေကိုတားဆီးလို့မရနိုင်ဘူးလားဆိုတဲ့ မေးခွန်းအတွက် အထိရောက်ဆုံးအဖြေကတော့ ဒီလိုနည်းလမ်းနဲ့ နာမည်ကျော်ဖို့ကြိုးစားနေတဲ့ အနုပညာရှင်အမည်ခံ Cele တွေကို လျှစ်လျူရှူထားလိုက်ဖို့ပါပဲ။


Social Media သုံးတဲ့အခါ သူတို့ အကောင့်တွေကို

Block ထားတာ၊ သူတို့သတင်းတွေ တက်လာတဲ့အခါ

React မပေးတာ၊ မရှဲတာ၊ ဒီလိုသတင်းမျိုးတွေကို အာသာငမ်းငမ်းတင်နေတဲ့ မီဒီယာတွေကိုလည်း ဒါမျိုးတွေမတင်ဖို့တားဆီးတာ၊ Poverty Porn ရဲ့သဘောသဘာဝကို မသိသေးတဲ့ ရိုးသားဖိုးသခွားတွေကို ဒီအကြောင်းရှင်းပြတာ စတဲ့အချက်တွေကို လုပ်သွားမယ်ဆိုရင်တော့ လူတွေရဲ့ဘဝကိုအသုံးချပြီး စီးပွားရှာဖို့ကြိုးစားနေတဲ့ ဆယ်လီတွေကို အနည်းနဲ့အများ ဟန့်တားနိုင်ပါလိမ့်မယ်။


အိပ်နေတာကို Live Streaming လုပ်နေရင်းတောင် ပိုက်ဆံရှာလို့ရတဲ့ခေတ်မျိုးမှာ နိုင်ငံသားအချင်းချင်း ဖျံကျပြီး စီးပွားရှာနေတာမျိုးတွေ မမြင်ပါရစေနဲ့လို့ ဆုတောင်းရင်း...။ ဒီနေ့တော့ ဒီလောက်ပါပဲ။


ကျွန်တော်တို့ Page မှ Update တွေကိုဆက်လက်ဖတ်ရှုလိုတယ်ဆိုရင်တော့ Like and Follow လေးလုပ်သွားနိုင်ပါတယ်။


-Erik

Comments


bottom of page