top of page

ကမ္ဘာပေါ်မှာအဖြူရောင်မရှိတော့တဲ့နေ့

Updated: Oct 4, 2022

ဒီနေ့မနက်ခင်းမှာပဲ အဖြူရောင်တွေအားလုံးပျောက်ဆုံးသွားခဲ့တယ်။


ဘာလို့ပျောက်ဆုံးသွားလဲဆိုတာအကြောင်းပြချက်မသိရပေမဲ့ အဖြူရောင်က ဖြူစင်ခြင်း၊စင်ကြယ်ခြင်း၊သန့်ရှင်းခြင်းကို ကိုယ်စားပြုတာကြောင့် နတ်ဘုရား‌တွေ ပြန်ယူသွားတာဖြစ်လိမ့်မယ်လို့ပြောကြတယ်။ ဟုတ်ရင်လည်းဟုတ်နိုင်တယ် ကမ္ဘာကြီးဟာတဖြည်းဖြည်းနဲ့အမှောင်ဘက်ကိုရောက်‌လာနေပြီမို့ သူတို့ပိုင်တဲ့အဖြူရောင်တွေအားလုံးပြန်ယူသွားချင်ကြတာ‌နေမှာပေါ့။ ယူချင်ယူပေါ့ အဖြူရောင်မရှိတော့ရော ဘာဖြစ်မှာမို့လို့လဲ? ဒီမေးခွန်းအတွက်ကျွန်တော်နဲ့အတူ ဉာဏ်ရှိသလောက်လိုက်စဉ်းစားကြည့်ကြစို့။


ဒီနေ့လိုမနက်ခင်းမှာ သတို့သမီးတယောက်ဟာ အဖြူရောင်ဂါဝန်လှလှလေးကိုဝတ်ဆင်ထားတယ်။ ဒါပေမဲ့ကံဆိုးစွာနဲ့ပဲ အဖြူရောင်ကိုနတ်ဘုရားတွေပြန်ယူတဲ့အချိန်နဲ့ကြုံလိုက်ရတယ်။ အဲ့ဒါနဲ့ပဲ သတို့သမီးကသူ့ရဲ့မိဘတွေကို သမီးရဲ့အဖြူရောင်ဂါဝန်ပျောက်သွားပြီလို့ အလန့်တကြားပြောနေတယ်။ သတို့သမီးမိဘတွေလည်း ရရာနေရာကနေ ဂါဝန်တထည်ရှာလာတယ်။ ဂါဝန်အရောင်ကအမဲရောင်ပေါ့။ ဒီအရောင်အပြင်တခြားအရောင်ကော မဖြစ်နိုင်ဘူးလားလို့ စာဖတ်သူတို့‌မေးစရာဖြစ်လိမ့်မယ်။ မဖြစ်နိုင်ပါဘူး color- theory တွေအရ အဖြူဟာ တခြား color တွေထွက်ဖို့ base color ဖြစ်တယ်။ဒါကြောင့်အဖြူမရှိရင်အမဲနဲ့ပဲနှစ်ပါးသွားကြရမှာပါပဲ။


တချိန်တည်းမှာပဲ ရန်ကုန်ဆေးရုံကြီးက ဒေါက်တာ ဇော်လင်းမောင်က သူ့ရဲ့သူနာပြုမလေးကို "ဆရာမရေ ကျွန်တော်တို့ Duty coat တွေဘယ်ရောက်သွားတုန်းဗျ" ဆိုပြီးအော်မေးသံကြားရပြန်တယ်။


ဆက်လက်ပြီး ဆပ်ပြာမှုန့်ရောင်းတဲ့အန်တီကြီးကလည်း သူ့ရဲ့အဖြူရောင်ဆပ်ပြာမှုန့်တွေပျောက်ကုန်လို့ ဒေါသတကြီးပြောဆိုနေတယ်။ စာအုပ်ဆိုင်ကအန်တီကြီးကလည်း သူ့ရဲ့ A4 စာရွက်တွေနဲ့တခြားစာအုပ်စာတမ်းတွေ အခိုးခံရတယ်ထင်ပြီး ခေါင်းမီးတောက်နေပါတယ်။ ဝင်ရိုးစွန်းမှာရှိတဲ့ ပိုလာဝက်ဝံကြီး‌ေတွကလည်း သူတို့ရဲ့အရောင်‌တွေပျောက်သွားလို့ ‌မာန်ဖီးနေကြတယ်။ ဒေါ်ညိုအိမ်က ဖြူလုံးလို့ခေါ်တဲ့ ကလေးမလေးကလည်း သူ့နာမည်ပျောက်သွားလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေပါတယ်။


အဲ့ဒါနဲ့ပဲ ရဲစခန်းတွေ ၊ ရပ်ကွက်ရုံးတွေမှာ ပျောက်ဆုံးနေတဲ့ အရာတွေကိုအမှုဖွင့်တိုင်ကြားကြတာပေါ့။ ကံဆိုးစွာနဲ့ပဲ သူတို့တိုင်ကြားတဲ့ အဆောက်အအုံတွေကအဖြူရောင်ဖြစ်နေလို့ တိုင်စရာနေရာမရှိတော့တာကြောင့် အကုန်လံုးဒေါသတကြီးနဲ့လမ်းလယ်ခေါင်မှာအော်ဟစ်နေကြပါတယ်။


အဆိုးဆုံးကတော့ ကောင်းကင်ကြီးတခုလုံးက အမှောင်အတိဖြစ်နေတာပဲ။တိမ်တိုက်လည်းမရှိ၊လလည်းမရှိ၊နေလည်းမရှိ၊ကြယ်လည်းမရှိ၊ အကုန် အမဲရောင်အတိပါပဲ။ ဘယ်လောက်စိတ်ပျက်စရာကောင်းတဲ့ အဖြူရောင်မရှိတဲ့လောကကြီးလဲ‌ဗျာ။


အခုလိုအဖြစ်အပျက်တွေဖြစ်နေတဲ့အချိန်မှာပဲ လူသားတို့ သဘောအရ ဂိုဏ်းနှစ်ဂိုဏ်းကွဲသွားကြတာပေါ့။ အဖြူရောင်လိုတယ်ဆိုတဲ့အဖွဲ့နဲ့ မလိုဘူးဆိုတဲ့အဖွဲ့ပေါ့။ စာဖတ်သူတို့ကောဘယ်အဖွဲ့ကလဲ အချိန်ယူပြီးစဉ်းစားကြည့်ပေါ့ဗျာ။


ဪပြောဖို့မေ့ခဲ့တော့မလို့ ကမ္ဘာကြီးကအမဲရောင်နဲ့တော့ အဆုံးမသတ်သွားခဲ့ပါဘူး။ နတ်‌ဘုရားတွေက အဖြူရောင်ကိုပြန်ပေးသွားခဲ့ပါတယ်။ ဒါပေမဲ့ လူသားတွေရဲ့ နှလုံးသားထဲမှာ ထည့်ပေးသွားခဲ့တာပါတဲ့။။


~Phaung

Comments


bottom of page