top of page

"ဆေးစွမ်းထက်တဲ့ ကင်ပွန်းချဉ်ရွက်"




အစာလည်းဆေး၊ ဆေးလည်အစာဆိုတဲ့ ဆိုရိုးစကားလေး အတိုင်းပါပဲ။ အသက်ရှည် ကျန်းမာပြီး ရောဂါဘယ ကင်းဝေးစေဖို့ သင့်တင့်မျှတတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးတတ်ဖို့လိုပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်တော့ သဘာဝ ဆေးဖက်ဝင် အသီး၊အရွက် ပေါကြွယ်ဝတာကြောင့် နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ အစားအစာတွေထဲကနေပဲ ဆေးတစ်ခွက်ဖန်တီးနိုင်ပါတယ်နော်။ ဆေးဖက်ဝင် အသီးအရွက်တွေထဲမှာမှ အမြဲ မြင်တွေ့နေကျဖြစ်ပြီး မသိသူမရှိသလောက်ရှားတဲ့ ကင်ပွန်းချဉ်ရွက်လေးကတော့ အာဟာရဖြစ်ပြီး ဆေးစွမ်းထက်တဲ့ မီးဖိုချောင်ဟင်းတစ်ခွက် အဖြစ်တည်ရှိနေပါတယ်။

ကင်ပွန်းချဉ်ရွက်ဟာ အသည်း၊ ကျောက်ကပ်၊ နှလုံးရောဂါတို့ကို ပျောက်ကင်းစေပါတယ်။

ဝမ်းကို မှန်စေပြီး လေထိုးလေအောင့်ကို သက်သာစေပါတယ်။

ကိုယ်တွင်းအပူကို ငြိမ်းစေပြီး သွေးသားကို သန့်စင်စေပါတယ်။

ကျန်းမာရေးမကောင်း၍ ခံတွင်းပျက်သူ၊ အိပ်ရေးပျက်သူတွေအတွက် သင့်တော်ပါတယ်။

ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်လို့ရသလို သုပ်စား၊ ကြော်စား ကိုယ်ကြိုက်နှစ်သက်သလို လုပ်စားလို့လည်းရပါတယ်ရှင်။ အရွက်နုကို ကြိတ်ပြီး အသည်းရောင်တဲ့နေရာကို လိမ်းပေးလို့လည်းရပါတယ်။ ရေနွေးဖျောပြီးသောက်ပေးမယ်ဆိုရင်တော့ လေချုပ်၊ဝမ်းချုပ်သက်သာစေပြီး ဝမ်းကိုမှန်စေပါတယ်။

နွယ်ပင်ယောင်ချုံပင်တစ်မျိုးဖြစ်တဲ့ ကင်ပွန်းချဉ်ဟာ ပင်စည်ပျော့ပျောင်းပြီး ရိုးတံတွေမှာတော့ ဆူးအနည်းငယ် ရှိတတ်ကြပါတယ်။ နီမှိုင်းတဲ့ အရောင်အဆင်းရှိပြီး သေးငယ်တဲ့ အရွက်ခပ်စိမ်းစိမ်းတွေက ထိပ်မှာအနည်းငယ်ဝိုင်းသွားတတ်ပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာ သဘာဝအလျောက် အလေ့ကျပေါက်လေ့ရှိတာကြောင့် အဖိုးနည်းပြီး အလွယ်တကူ ချက်စားလို့ရပါတယ်။

ဒီလို ဆေးစွမ်းထက်ပြီး လွယ်ကူသက်သာတဲ့ ကင်ပွန်းချဉ်ရွက်လေးရဲ့ အကျိုးအာနိသင်လေးကိုသိသွားပြီဆိုရင်တော့ ကျန်းမာရေးအတွက် ဆေးတစ်ခွက်အဖြစ် အသုံးပြုလို့ရနိုင်ပါတယ်နော်။

မိတ်ဆွေတို့ရော… ကင်ပွန်းချဉ်ရွက်လေးကို အိမ်မှာဘယ်လိုချက်စားဖြစ်ကြသလဲဆိုတာ ပြောပြပေးသွားကြပါဦး။

~မြူ~

Comments


bottom of page